ဂစ်တာတီးတဲ့ ညီအစ်ကိုတွေအတွက်ကျွန်တော့်ရဲ့အကြံပေးချက်ပါ .....
ဂစ်တာကိုစကျင့်ကတည်းက အမှားကင်းကင်း အချိန်တိုတိုနဲ့ပန်းတိုင်ရောက်ဖို့စေတနာနဲ့
အတွေ့အကြုံတစ်ချို့ကိုဝေမျှခြင်းဖြစ်ပါတယ် ။
၁ ။ ဂစ်တာစကျင့်တော့မယ်ဆိုရင် လက်တစ်ချောင်းလုံး(ဖြစ်နိုင်ရင်တစ်ကိုယ်လုံး)
အကြောလျော့ပေးပါ ။ အကြောလျော့ခြင်းနဲ့စိတ်ရဲ့relaxဟာ ခင်ဗျားကိုမောင်းတင်ပေးမယ့် ခွန်အားတွေပါပဲ ။ ဟဲဟဲဟဲ
၂ ။ Metronomeနဲ့အမြဲကျင့်ပါ ။ Metronomeနဲ့မကျင့်ရင်Bandနဲ့တီးတဲ့အခါ၊ Studioမှာအသံသွင်းတဲ့အခါ
အဆင်မပြေမှုတွေဖြစ်လာမယ် ။ ကိုယ့်ရဲ့tempoကို ကိုယ်သတိထားမိဖို့ခက်ပါတယ် ။ Feelingလာရင်တက်လိုက် စိတ်မပါရင်ကျလိုက်
ဖြစ်တတ်ပါတယ် ။
၃ ။*very important* အနှေးဆုံးကိုတီးပါ ။ ကျင့်နေတဲ့အချိန်မှာ speedကိုခေါင်းထဲဝင်မလာပါစေနဲ့ ။ မလောပါနဲ့ ။
speedဟာဂစ်တာသမားတိုင်းတပ်မက်တဲ့ ရှိရမယ့် အရည်အချင်းဆိုပေမယ့် ... သူ့ကိုအရူးအမူးနဲ့လိုချင်ပြီးလေ့ကျင့်ပြီဆိုတာနဲ့
လမ်းတဝက်မှာပြတ်ကျန်ခဲ့ဖို့သေချာသလောက်ရှိပြီ ။ ကျွန်တော့်ကိုကြည့် ဟိဟိ...။
၎ ။ မှန်ဖို့သာလိုပါတယ် ။ ကိုယ်တီးတဲ့noteတိုင်းဟာ ပီသကြည်လင်ပြီးပြည့်ဝတဲ့toneမျိုးထွက်နေရပါမယ် ။ မှန်အောင်သာအာရုံစိုက်ပြီးကျင့်ပါ ။
speedဟာခင်ဗျားနောက်ကထပ်ချပ်မကွာလိုက်လာလိမ့်မယ် ။ ကိုယ်မြန်လို့မြန်နေမှန်းတောင်မသိအောင် အံ့သြစရာကောင်းတယ် ။
၅ ။ *သံမဏိစည်းကမ်း*မှားခဲ့ရင် ၁ ပြန်စပါ ။ ဥပမာ chromatic scaleကို 1 to 6 strings , up and down , fret 1 ကနေစတီးတယ် ။
fret 12 ရောက်မှတစ်လုံးမှားတယ် ။ ဒါဆိုရင်ပြန်စလိုက်တော့ ။ အဲဒါမှမမှားအောင် ကိုယ်နိုင်နင်းတဲ့tempoကိုတီးဖြစ်မယ် ။ စိတ်ငြိမ်သက်အောင်
အားထုတ်ဖြစ်မယ် ။ ထူးဆန်းစွာပဲ အမှားတစ်ခုဟာထပ်တလဲလဲမှားတတ်ပါတယ်(ကျွန်တော့်အနေနဲ့ပါ) ။ ဒါကိုကျော်လွှားရပါမယ် ။
၆ ။ စကျင့်တာနဲ့warm up အမြဲလုပ်ပါ ။ Finger independence ကိုနာရီဝက်လောက်အရင်တီးလိုက်ပါ ။ လက်ချောင်းတွေလွတ်လပ်စွာလှုပ်ရှားဖို့ ၊
ခင်ဗျားလိုအပ်တဲ့အသံတွေကိုဖော်ကျူးဖို့ ၊ finger staminaကောင်းဖို့ ... ဒါကိုမလွဲမသွေတီးရပါမယ် ။
ရ ။ စာအုပ်တစ်အုပ် (သို့) courseတစ်ခုကိုပန်းတိုင်ထားကျင့်ပါ ။ ဆရာများရင် သားသေတတ်ပါတယ် ။ စာအုပ်ပုံကြီးအလယ်မှာ ဟိုဟာတီးရကောင်းနိုး
ဒီဟာတီးရကောင်းနိုးနဲ့ ဘာမှမပြီးဘဲ တစ်အုပ်၁၀ရွက်တီးဖြစ်သွားတတ်ပါတယ် ။ အကျင့်ဖြစ်သွားရင်မကောင်းပါ ။
၈ ။ ပေးထားတဲ့noteတွေကိုတီးသလို ရေးထားတဲ့စာတွေလည်းဖတ်ပါ ။ အလကားရေးထားတာမဟုတ်ပါဘူး ။ ဗမာလူမျိုးတွေဟာ
အင်္ဂလိပ်စာမှာမညံ့ပါဘူး ။ ဂီတသမားဟာ ဂီတဝေါဟာရတွေနဲ့စာအုပ်ကို အသာလေးဖတ်နိုင်ပါတယ် ။ (မဖတ်ဘဲ မလေ့လာ မသုံးသပ်ဘဲ
စွတ်တီးနေမယ်ဆိုရင် ကျင့်လို့မဆုံးတော့ပါ ။ ကိုယ်ပိုင်ဟန်မတည်ဆောက်နိုင်ပါ ။ အသက်ကြီးမှ... သြော်..ဟိုတုန်းက ငါမဖတ်ခဲ့လေခြင်း၊
ဖတ်သာဖတ်ခဲ့ရင် ဆိုပြီး ယူကျုံးမရဖြစ်ရပါလိမ့်မယ် ။ )ဟင့်..ပြောရင်းနဲ့နောင်တရလာပြီ ...
၉ ။ စာအုပ်တစ်အုပ်တီးတဲ့အခါ အနှေးဆုံးtempoနဲ့ တစ်အုပ်လုံးဆုံးအောင်တီးလိုက်ပါ ။ အမှားကင်းပြီးပိုင်နိုင်ပြီဆိုရင် နောက်တစ်ခေါက်
tempo +5လောက်တင်ပြီးထပ်ကျင့် ။ ဒါလည်းperfectဖြစ်ပြီဆိုရင် နောက်ပိုင်းအခေါက်တွေကို+10 +20 speedကျွေးပေတော့ ... ။
၁၀ ။ ဂစ်တာတီးတဲ့အခါ လေ့ကျင့်တဲ့အခါတိုင်း relaxဖြစ်နေပါစေ ။ အံကြိတ်ထား တင်းထားတဲ့စိတ်ဟာ ပိတ်နေတဲ့ရေမြောင်းကြီးလို ခင်ဗျားရဲ့
စီးဆင်းမှုတွေကိုရပ်တန့်စေလိမ့်မယ် ။ စင်မြင့်ပေါ် ပရိတ်သတ်ရှေ့မှာတီးတဲ့အခါ ဂစ်တာသမားဟာ ကိုယ်တီးနိုင်တာရဲ့ ၅၀%သာတီးသင့်ပါတယ် ။
ဒါမှလည်းအမှားကင်းကင်း စိတ်သက်သက်သာသာနဲ့ ဖန်တီးနိုင်မှာပါ ။ အဲဒီအတွက်လည်း လေ့ကျင့်ချိန်မှာ ၁၀၀%ဖြစ်နေရပါမယ် ။
..............................................
နောက်ဆုံး .... နှလုံးသားနဲ့တီးပါ ... ။
Win Ko