ဂစ်တာကြိုးညှိခြင်း
ဂစ်တာစတင်မတီးခတ်မီ ဂစ်တာကြိုးတွေကို မဖြစ်မနေ ကြိုတင်ညှိထားရပါမယ် ။ ခရမ်းပြာသံစဉ်တွေ တီးချင်တယ်ဆိုရင် မညှိလို့လည်း ရပါတယ် ။ ( နောက်တာပါ ။ မညှိလို့မရပါဘူး :) ) ဂစ်တာကြိုးညှိတဲ့ နည်းစနစ် အမျိုးမျိုးရှိပါတယ် ။
· အီလက်ထရစ်ကိရိယာဖြင့်ဂစ်တာသံညှိခြင်း (Electric/Digital Tuner)
· အသံညှိပိုက်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning/Pitch Pipe )
· အသံညှိခက်ရင်းဖြင့်ဂစ်တာသံညှိခြင်း ( Tuning Fork )
· စန္ဒရား၊ကီးဘုတ်ဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Piano/Keyboard )
· နားဖြင့်ဂစ်တာသံညှိခြင်း ( Tuning by Ear ) … စသည်ဖြင့် အမျိုးမျိုးရှိပါတယ် ။ ယနေ့ အင်တာနက်ကွန်ပြူတာ ခေတ်မှတော့ softwareဖြင့် ကြိုးညှိခြင်းအပြင် ၊ onlineမှတဆင့် လွယ်ကူစွာ ဂစ်တာကြိုးညှိနိုင်ပါသေးတယ် ။

Electric/Digital tuner သုံးပြီးအသံညှိတာကတော့ အမြန်ဆန်ဆုံး အလွယ်ကူဆုံးနဲ့ အတိကျဆုံးပါပဲ ။ (ဈေးကလည်းတိတိကျကျကောင်းပါတယ်) E-tuner အများစုမှာတော့ Guitarအပြင် Bass/Violin/ukulele စတဲ့ ကြိုးတပ် တူရိယာတွေလည်း ညှိနိုင်ပါတယ် ။ ဒါ့အပြင် ဂစ်တာကျင့်လျင် မရှိမဖြစ်လိုအပ်တဲ့ Metronome ခေါ် နရီချိန်စက်လည်း တွဲပါလေ့ရှိပါတယ် ။ အသုံးပြုရလွယ်ကူတယ် ဆိုသော်လည်း အနည်းဆုံး ဂစ်တာလွှတ်ကြိုးတွေရဲ့ အသံကိုတော့ သိထားရပါမယ် ။ Standard tuning လို့ခေါ်တဲ့ ယေဘုယျစံအဖြစ် သတ်မှတ်ထားတဲ့ ဂစ်တာကြိုးအသံတွေက - - -
· နံပါတ်၁လွှတ်ကြိုး = E (329.63Hz)
· နံပါတ်၂လွှတ်ကြိုး = B (246.94Hz)
· နံပါတ်၃လွှတ်ကြိုး = G (196.00Hz)
· နံပါတ်၎လွှတ်ကြိုး = D (146.83Hz)
· နံပါတ်၅လွှတ်ကြိုး = A (110Hz)
· နံပါတ်၆လွှတ်ကြိုး = E (82.41Hz) …. တို့ဖြစ်ကြပါတယ် ။
လွှတ်ကြိုးသံတွေကို သိထားဖို့လိုပေမယ့် Frequencyတွေကတော့ မှတ်ဖို့မလိုပါဘူး ။ ဗဟုသုတအဖြစ် ထည့်ထားတာပါ ။ ညှိပုံနည်းစနစ်ကတော့ Guitar cable ခေါင်းတစ်ဖက်ကို ဂစ်တာရဲ့output jack ပေါက်မှာထိုး၍ ကျန်cableခေါင်းတစ်ဖက်ကို Tunerရဲ့ input ပေါက်မှာ ထိုးလိုက်ပါ ။ Tunerသည် Click-typeဆိုပါက ဂစ်တာခေါင်း(Headstock)တွင် ညှပ်လိုက်ပါ ။ အကယ်၍ ခင်ဗျားဂစ်တာမှာ jackပေါက်မပါလည်း Tunerက built-in Microphone ကိုဖွင့်၍ ဂစ်တာနားကပ်ပြီး ညှိလည်းရပါတယ် ။ ကဲ..ကြိုးစညှိရအောင် ဂစ်တာနံပါတ်၁ကြိုးကိုတီးလိုက်ပါ ။ screen မှာ B,C,D စသည်ဖြင့် ပေါ်နေတဲ့အခါ Eကိုရောက်အောင် ညှိပါမယ် ။ များသောအားဖြင့် လျော့နေတာများပါတယ် ။ Eကိုရောက်တဲ့အခါ မီတာတံလေးကို အလယ်တည့်တည့်ကျအောင် ထပ်ပြီးညှိရပါမယ် ။ အသံနိမ့်တဲ့အခါ flat sign ( b ) ဘက်ကိုမြှားရောက်နေပြီး ၊ အသံမြင့်တဲ့အခါ sharp sign ( # ) ဘက်ယိုင်နေတဲ့မီတာတံလေးကို တွေ့ရပါမယ် ။ အလယ်တည့်တည့်ကျအောင် ညှိလိုက်ပါတော့ ။ Standard tuning နဲ့ညှိထားတဲ့ Acoustic ဂစ်တာကြိုးတွေဟာ ခပ်တင်းတင်းလေး ရှိပါတယ် ။ ကျန်ကြိုးတွေလည်း ထိုနည်းလည်းကောင်း ပါပဲ ။ အပေါ်မှာရေးထားတဲ့ လွှတ်ကြိုးသံတွေကြည့်ပြီးညှိလိုက်ပါတော့ ။ (ပျင်းထှာJ)
Tuning Pipe ဆိုတာကတော့ သူ့ရဲ့ပိုက်လုံးကို ပါးစပ်နှင့်မှုတ် ၊ ထွက်လာတဲ့အသံကို နားထောင်ပြီး ဂစ်တာကြိုးတွေနဲ့ ကိုက်ညီအောင်ညှိရတဲ့ ကြိုးညှိကိရိယာတစ်မျိုးပါ ။ အများစုကတော့ အသံ၆မျိုးပါတဲ့ ပိုက်၆ချောင်းတပ်ပုံစံမျိုးဖြစ်ပေမယ့် ပိုက်၁ချောင်း (အသံ၁သံ)တည်း လည်းရှိပါတယ် ။ ပိုက်ပေါ်မှာ ကြိုးနံပါတ်နှင့် အသံတွေကိုရေးပေးထားပါတယ် E1 , B2 , G3 , D4 , A5 , E6 စတာတွေပါပဲ ။ Eဆိုတာက လွှတ်ကြိုးသံ ၊ 1ဆိုတာက ကြိုးနံပါတ် ကဲ … ညှိလိုက်အုံးတော့ နောက်တစ်မျိုး J
Tuning Fork ကတော့ ယနေ့အသုံးနည်းပါတယ် ။ သူ့ကို pitch အမျိုးမျိုးထုတ်လုပ်ပေမယ့် အများစု အသုံးပြုတာကတော့ A(440Hz)ပါ ။ ပုံသဏ္ဌာန်က အင်္ဂလိပ်စာလုံး "U"ကို လက်ကိုင်တုတ်ချောင်းလေး တပ်ထားသလိုပါပဲ ။ ညှိပုံကတော့ တစ်ချောင်းတည်းရှိတဲ့ လက်ကိုင်ဘက်က ကိုင်ပြီး "U"ပုံသဏ္ဌာန် နှစ်ချောင်းပါတဲ့ဘက်ကို အမာခံတစ်ခုမှာ ရိုက်လိုက်ပါ ။ ထွက်လာတဲ့အသံကို နားရွက်နားကပ်နားထောင်ပြီး အသံတူအောင်ညှိရတာပါ ။ ဒီပုံတိုင်းဆို လက်၃ချောင်းလိုပါတယ် J Tuning Fork တီးဖို့တစ်ချောင်း ၊ ဂစ်တာကြိုးကို တီးခတ်ဖို့တစ်ချောင်း ၊ Tuning key ကိုလှည့်ပေးဖို့တစ်ချောင်း … ။ အကောင်းဆုံးက Tuning Fork လက်ကိုင်ကို ညာလက်ညိုးနှင့် လက်ခလယ်ကြားမှာ ညှပ်ပြီးကိုင်ထားပါ ။ အဲဒီနောက် အမာခံတစ်ခုကို တီးလိုက်ပါ ။ လက်ကိုင်ရဲ့ ဘုသီးအဝိုင်းလေးကို ဂစ်တာရဲ့ ကိုယ်ထည်မှာ ကပ်လိုက်ပါ ။ သူ့ရဲ့တုန်ခါရှိန်ကြောင့် ဂစ်တာမှ အသံထွက်လာပါလိမ့်မယ် ။ (အဲဒီအသံနှင့် တူညီအောင် ညှိရမှာပါ) ညာလက်မဖြင့် ညှိမယ့်ကြိုးကိုတီးလိုက်ပါ ။ ဘယ်လက်ဖြင့် Tuning key ကိုလှည့်ကာ ညှိနိုင်ပါပြီ .. ။ ခင်ဗျားတို့ ကြိုက်ရင်တော့ သုံးပေါ့ ။ ကျွန်တော်တော့ မကြိုက်ပါ ။ ဒါပေမယ့် သူ့ကို သတ္ထုအမာစားနဲ့ ပြုလုပ်ထားတော့ ရေရှည်(တသက်လုံး) အသုံးခံပါတယ် ။ ဈေးတွက်နဲ့တော့ အကိုက်ပါပဲ … ။
Tuning by keyboard
ကီးဘုတ်ဖြင့် ဂစ်တာကြိုးညှိချင်ရင်တော့ ပုံမှာပြထားတဲ့ အတိုင်းပါပဲ ။ (သြော် ဒါတော့သိတာပေါ့ J) သာမန် ကီးဘုတ်တွေမှာတော့ ဒီပုံမှာ ပြထားတဲ့အတိုင်း Middle C ရဲ့ ညာဘက် တတိယမြောက်ခလုတ်ဟာ ဂစ်တာ နံပါတ်၁လွှတ်ကြိုး Eသံ နှင့် တူညီပါတယ် ။ ဒါပေမယ့် ကွဲပြားမှု အနည်းငယ်လည်း ရှိပါတယ် ။ ဂစ်တာနုတ်မှာ ရေးထားတဲ့ Middle C ဟာ စန္ဒရားနုတ်မှာ ရေးတဲ့ Middle C ထက် အသံတစ်ပြန် (1 octave)နိမ့်တာကတစ်ကြောင်း (သို့) အသံခုနစ်ပြန် (7 octaves )ရှိတဲ့ စန္ဒရားလိုတူရိယာမျိုးနှင့် ဂစ်တာကိုညှိတဲ့အခါ Middle C ဟာ နောက်အသံမြင့်တစ်ပြန် (1octave) နေရာမှာ ရှိနေပါတယ် ။ ရှုပ်သွားလားမသိဘူး ။ ရှင်းရင်းနဲ့ရှုပ်လာပြီ J ။ ရှင်းသွားမှာပါ ။ အောက်ကပုံလေးကိုကြည့်

ဒီလောက်ဆို ရှင်းသွားပါပြီနော့် ။ (အတင်းပဲ :D )
ဒါတွေနဲ့ မကျေနပ်သေးဘူး ဆိုရင်လည်း အင်တာနက်မှာ online guitar tuner တွေအများကြီး ရှိပါတယ် ။ လွယ်ကူတဲ့ ဆိုက်တစ်ချို့ကတော့ …..
· https://www.guitarforbeginners.com/onlinetuner.html
· https://www.cyberfret.com/online-guitar-tuner/
· https://www.get-tuned.com/online_guitar_tuner.php
ဒီဆိုက်မှာလည်း Guitar-Tuner ထည့်ပေးထားပါတယ် ။ ရှာကြည့်နော် ။ :)
နောက် Mobile Guitar Tuner တွေလည်း အများကြီးရှိပါတယ် ။ ဒေါင်းပြီးသာ ညှိလိုက်ပေတော့ ။ တော်တော်လေးစုံလင်သွားပါပြီ ။ အထက်ပါနည်းလမ်းတွေနှင့် တစ်မျိုးမှ ကိုကို၊မမတို့အတွက် အဆင်မပြေသေးဘူးဆိုရင်တော့ နောက်ဆုံးနည်းလမ်းတစ်ခု ရှိပါသေးတယ် ။
Tuning by Ear -
နားနှင့် ဂစ်တာကြိုးညှိမယ်ဆိုရင်လည်း Standard Tuning ဖြစ်ဖို့ အသံတစ်သံလိုပါတယ် အဲဒါကတော့ ကြိုးဖုန်း(တယ်လီဖုန်း) တစ်ခုပါ ။ (မိုဘိုင်းမဟုတ်) ။ ကြိုးဖုန်း လက်ကိုင်ကိုယူပြီး နားထောင်ကြည့်ရင် တူ…… လို့မြည်နေတဲ့ အသံရှည်ကို ကြားရပါမယ် ။ အဲဒါဟာ ဂစ်တာ နံပါတ်၁ကြိုးရဲ့ ပဉ္စမမြောက် လက်ကွက် မှာရှိတဲ့ Aသံပါ ။ 440hz ရှိပါတယ် ။ တစ်ကြိုးအသံညီရင် ကျန်တာတွေ မခက်တော့ပါဘူး ။ အလွယ်ဆုံးနည်းနဲ့ စလိုက်ရအောင် ။ ၁ကြိုးအသံ ညီပြီဆိုရင် ၆ကြိုးရဲ့အသံကိုညှိနိုင်ပါပြီ ။ ၁ကြိုးလွှတ်ကြိုးနှင့် ၆ကြိုးလွှတ်ကြိုးကို အသံတူအောင် ညှိလိုက်ပါ ။ ပြီးရင် နံပါတ်၅ကြိုးကို ဆက်ညှိပါမယ် ။ နည်းစနစ်ကတော့
၆ကြိုး၏ လက်ကွက်၅ ကိုနှိပ်ပြီး တီးလိုက်ပါ ။ ထို့နောက် ၅ကြိုး၏ လွှတ်ကြိုးကို တီးလိုက်ပါ ။ ထိုနှစ်အသံသည် အတိအကျ ထပ်တူညီနေရပါမည် ။ ၅ကြိုး၏ အသံသည် နိမ့်နေလျှင်တင်းပေး၍ မြင့်နေလျှင် လျော့ပေးရပါမည် ။ ကြိုးလျော့နေလား တင်းနေလားကို သင်ကိုယ်တိုင် ဆုံးဖြတ်ရပါမည် ။ (ခေါင်းလွှဲလိုက်ပြီ ) ။ များသောအားဖြင့် လျော့နေတတ် ပါသည် ။ ဤနည်းအတိုင်း ၅ကြိုးလက်ကွက်၅နှင့် ၄လွှတ်ကြိုး ၊ ၄ကြိုးလက်ကွက်၅နှင့် ၃လွှတ်ကြိုး ၊ ၃ကြိုးလက်ကွက်၎နှင့် ၂လွှတ်ကြိုး ၊ ၂ကြိုးလက်ကွက်၅နှင့် ၁လွှတ်ကြိုး ...စသည်တို့ကို အသံညီအောင်ညှိပြီးလျင် သင်၏ ဂစ်တာသံသည် ဗေလုဝ၏စောင်းကို ၁၈နှစ်နတ်သမီးတီးသကဲ့သို့ အသံထွက်လာပေလိမ့်မည် ။ (နည်းနည်းလောက် သည်းခံလိုက်ပါအုံး ။ ဂစ်တာကိုင်ရတော့မှာပါ ။ )